မတ်ပဲ၊ ပဲတီစိမ်းတွင် အဖြစ်များသော ရွှေဝါရောင်မိုစေ့ရောဂါ
မိုစေ့ရောဂါဖြစ်ရခြင်း၏ အဓိကတရားခံမှာ ယင်ဖြူ ပင်ဖြစ်သည်။ ယင်ဖြူသည် အဝါရောင်မိုစေ့ဗိုင်းရပ်စ်ကို သယ်ဆောင်လာပြီး တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်းသို့ ကူးစက်စေကာ ရောဂါကို ပိုမိုဆိုးရွားစေပါသည်။
ရောဂါလက္ခဏာများ
အရွက်နုများတွင် အဝါပြောက်ငယ်များအဖြစ် စတင်တွေ့ရပြီး တဖြည်းဖြည်းအရေအတွက်များလာခြင်းနှင့် ကျယ်ပြန့်လာခြင်းကြောင့် အဝါရောင်ထဲတွင် အစိမ်းရောင်ရောထားသကဲ့သို့ ဖြစ်လာသည်။ နောက်ဆုံးတွင် တစ်ရွက်လုံးဝါသွားပြီး အရွက်နုများမှတစ်ဆင့် အရွက်ရင့်များသို့တိုင်ကူးစက်ပြီး တစ်ပင်လုံးရှိအရွက်များဝါသွားသည်။ သီးတောင့်ဝင်ချိန်ဖြစ်ပါက သီးတောင့်မှအဝါရောင်ပြောင်း၍ အစေ့တည်မှုမရှိသလောက်ဖြစ်သွားကာ အထွက်နှုန်းသိသာစွာလျော့နည်းစေပါသည်။ ဤရောဂါကြောင့် စိုက်ခင်းရှိအပင်များ ကြီးထွားမှုနှေးကွေးခြင်း၊ သီးတောင့်များအစေ့အဆံမပြည့်ခြင်း၊ အဖျင်းအမှော်များခြင်း စသည့်ဆိုးကျိုးမှာဖြစ်ပေါ်စေနိုင်သည်။
ကာကွယ်နှိမ်နင်းနည်း
ရောဂါရှိသောအပင်ကို တွေ့တွေ့ချင်းနှုတ်ပစ်ပါ။
ရောဂါပြန့်စေသည့် ယင်ဖြူကို ကာကွယ်နှိမ်နင်းပါ။
နောက်ကျမှ အပင်စိုက်ခြင်းကိုရှောင်ပါ။
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ မျိုးရင်းမတူသည့်သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
စိုက်ခင်းအတွင်းနှင့် အနီးတစ်ဝိုက်တွင် ပေါင်းပင်များရှင်းလင်းဖယ်ရှားပါ။
ပိုးသတ်ဆေးအသုံးပြုလိုပါက ပိုင်ဒီ၊ ဘက်တား၊ အလန်း တို့ကိုအသုံးပြုနိုင်ပါသည်။
