ပဲခင်းများတွင် သတိပြုသင့်သော မြေဆောင်မှိုရောဂါ
ယခုအခါ ပဲစိုက်တောင်သူများသည် ပဲပင်များ ဝါခြင်း ညှိုးသေခြင်းစသော ပြဿနာများ ကြုံတွေ့နေရပါသည်။
ပဲပင်များ ညှိုးသေရခြင်းမှာ
၁။ ဖျုဆေရီယန် ညှိုးသေရောဂါ (Fusarium Wilt / Fusarium oxysporum F)
အပင်၏ အောက်ရွက်များမှ စတင်ဝါလာပြီး ရွက်ကြောများ အရောင်ပြယ်လာသည်။
နောက်ဆုံးတွင် အပင်တစ်ခုလုံး ညှိုးသေသွားသည်။
မြေဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မြေကြီးထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်နိုင်သည်။ ရောဂါရှိနေသောမျိုးများ လုပ်ငန်းသုံးကိရိယာများမှတဆင့် ကူးစက်သည်။
၂။ မြစ်ခြောက်ဆွေး ရောဂါ (Rhizoptonia sp)
ရောဂါဖြစ်သော အပင်များသည် ပဲခင်းအနှံ့ သေဆုံးပြီး အပင်ထိပ်ဖျားများ ညိုးနွမ်းလာသည်။
အရွက်များသည် တဖြည်းဖြည်း အဝါရောင်ပြောင်းလာပြီး နောက်ဆုံးတွင် တစ်ပင်လုံး ကောက်ရိုးကဲ့သို့ ခြောက်သွားသည်။ အောက်ပိုင်းအရွက်များသည် အညိုရောင်ဖြစ်သည်။
အမြစ်များမှာ ခြောက်နေပြီး မီးခိုးရောင်မှိုမျှင်များ တွေ့ရတတ်သည်။ သဲနုန်းမြေတွင် ရောဂါဖြစ်ပွားမှု ပိုမြင့်မားသည်။
၃။ စကလယ်ရိုးရှန်းပင်ညှိုးရောဂါ (Sclerotium disease)
ထိုရောဂါ ကူးစက်ခံရပါက ပဲပင်များ ဝါပြီး ညိုးနွမ်းလာသည်။
အပင်အောက်ခြေမှ စတင်ပျော့ပုပ်လာပြီး နောက်ပိုင်းတွင် တစ်ပင်လုံး ခြောက်သွေ့သွားသည်။
ကူးစက်ခံရသော အပင်၏ အစိတ်အပိုင်းတွင် အဖြူရောင် မှိုမျှင်များ သိသာစွာ မြင်တွေ့ရသည်။
ကာကွယ်နှိမ်နင်းနည်းများ
ထိုရောဂါသုံးမျိုး၏ တူညီသောအချက်မှာ လုံးဝပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးမရှိခြင်းဖြစ်သည်။ ထို့ကြောင့် ကာကွယ်မှုကို ထိရောက်စွာ လုပ်ဆောင်ရမည် –
- ရောဂါဒဏ်ခံနိုင်သောမျိုးများ စိုက်ပျိုးခြင်း
- သီးလှည့်စိုက်ပျိုးခြင်း
- သီးနှံမစိုက်မီ ထရိုင်ကိုဒါးမား အသုံးပြုခြင်း / မျိုးစေ့လူးနယ်စိုက်ပျိုးခြင်း
- ရောဂါ စတင်တွေ့ရှိသည်နှင့် ပင်နာများကို လျင်မြန်စွာ ဖယ်ရှားခြင်း ပြုလုပ်ပါ
မြန်မာ့ဩဘာမှ သမားတော်ကို ပဲမစိုက်မီ မြေပြင်ချိန်ထဲက ထည့်ပေးပြီး၊ ပဲပင် ၁၅ ရက်သားတွင် ကာဗင် ကြိုတင်ဖျန်းပေးပါ
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည့်အတွက် တောင်သူဦးကြီးများ ပဲရာသီတွင် ကြိုတင်ကာကွယ်နိုင်ရန် ဗဟုသုတရဖွယ် ဖော်ပြလိုက်ရပါသည်။
