မြန်မာ့ပဲဈေးကွက်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်

မြန်မာနိုင်ငံမှထွက်ရှိသော ပဲတီစိမ်း နှင့် အခြားပဲမျိုးစုံအား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်းတင်ပို့ခဲ့သော ပဲများတွင် “သိုင်ရာမီသောက်ဇမ်” ဓါတ်ကြွင်း ပါဝင်မှု များပြားနေမှုကြောင့် ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ ကျော် နှင့် ပဲယင်းတန်ချိန် ၁၀၀ ကျော်ကို မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခြင်း ခံခဲ့ရပါသည်။
အဓိကအကြောင်းရင်းမှာ – တင်ပို့ခဲ့သောပဲများတွင် တရုတ်နိုင်ငံမှသတ်မှတ်ထားသော အမြင့်ဆုံးဓါတ်ကြွင်းပါဝင်မှုပမာဏ (Maximum residue limit) ထက် ကျော်လွန်ပါရှိမှုကြောင့်ဖြစ်ပါသည်။ ထို့အပြင် ဥရောပနိုင်ငံများသို့ တင်ပို့သောပေါင်းဆန်တွင်လဲ သိုင်ရာမီသောက်ဇမ်ဓါတ်ကြွင်းပါဝင်မှုတွေ့ရှိခဲ့ရပါသည်။
တရုတ်နိုင်ငံမှသတ်မှတ်ထားသော “သိုင်ရာမီသောက်ဇမ်” အတွက် MRL မှာ 0.02 mg/kg သာရှိပါသည်။ ဥရောပနိုင်ငံများဈေးကွက် တွင် ပေါင်းဆန်အတွက် “သိုင်ရာမီသောက်ဇမ်” ဓါတ်ကြွင်းအများဆုံးလက်ခံနိုင်သော ပမာဏမှာ 0.01 mg/kg အထိရှိပါသည်။
ထို့ကြောင့် သိုင်ရာမီသောက်ဇမ်” ပါဝင်သည့် ပိုးသတ်ဆေးများအသုံးပြုရာတွင် အထူးသတိပြုရန်လိုပြီး အောက်ပါအချက်များအားလိုက်နာရန်လိုပါသည်။

  • သီးနှံမရိတ်သိမ်းမီ (၄၅) ရက်အတွင်း လုံးဝ သုံးစွဲခြင်းမပြုရပါ။
  • ဆေးဘူး အထုပ်၊ အညွှန်းအတိုင်း လိုက်နာသုံးစွဲပါ။ ဆေးနှုန်းထားပိုမိုသုံးစွဲခြင်း လုံးဝမပြုလုပ်ပါနှင့်။
  • သီးနှံရာသီတစ်ခုတွင် ပိုးသတ်ဆေးတစ်မျိုးတည်းကို ထပ်ခါထပ်ခါ မသုံးပါနှင့်။
  • သီးနှံများ သိုလှောင်စဥ်အတွင်း ပိုးသတ်ဆေးများ မပက်ဖျန်းပါနှင့်။

သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများရခြင်း၏ အဓိကအကြောင်းရင်းများကိုအောက်ပါအတိုင်းတွေ့ရပါသည်။

  • တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ပိုးသတ်ဆေးများ၊ ဆေးအတုများ ရောင်းချခြင်း
  • သက်တမ်းလွန်ဆေးများ ရောင်းချခြင်း
  • ပိုးသတ်ဆေးများကို အမျိုးမျိုးရောစပ်ရန် အကြံပြုခြင်း
  • သတ်မှတ်နှုန်းထားထက် ၂-၃ ဆပိုသုံးရန် တိုက်တွန်းခြင်း
  • ဖျက်ပိုးအမျိုးအစားနှင့် မကိုက်ညီသော ပိုးသတ်ဆေးများ အကြံပြုခြင်း
  • ဆေးအညွှန်းကို မဖတ်ဘဲ ဆေးနှုန်းထား ကျော်လွန်သုံးစွဲခြင်း
  • ဆေးဖျန်းပြီး သီးနှံခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ကာလ (PHI) ကို မလိုက်နာခြင်း
  • ပိုးသတ်ဆေးတစ်မျိုးတည်းအား ရာသီတစ်ခုလုံး ထပ်ခါထပ်ခါသုံးခြင်း
  • ပိုးသတ်ဆေးများအား မလိုအပ်ဘဲ မိမိဘာသာရောစပ်အသုံးပြုခြင်း
  • စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကို လိုက်နာမှု အားနည်းခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။

မြန်မာ့ပဲမျိုးစုံဈေးကွက်နှင့် တောင်သူများ၏ ဝင်ငွေများ တိုးတက်ကောင်းမွန်စေရန်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်း ပြဿနာကို စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ ၊ အရောင်းဝန်ထမ်းများ၊ အရောင်းဆိုင်များနှင့် တောင်သူများ ပူးပေါင်းကာ အတူတကွ ဖြေရှင်းကြရန်လိုပါသည်။ အထက်ဖော်ပြပါ အချက်များကို ဂရုတစိုက် လိုက်နာခြင်းဖြင့် မြန်မာ့ထွက်ကုန် သီးနှံများအား နိုင်ငံတကာမှ ယုံကြည်လက်ခံမှုကို ရရှိစေမည်ဖြစ်ပါသည်။